စိန်စီထားတဲ့စက္ကန့်တွေကို ဖြတ်သန်းခဲ့တယ်

အချိန်ဆိုတာတန်ဖိုးရှိတယ်လို့လူမှန်းသိတတ်စအရွယ်ကတည်းကလူကြီးသူမတွေရဲ့အပြောကို ကြားခဲ့ရတယ်။ စကားပုံတွေလည်းကြားခဲ့ရတာပေါ့။ လသာတုန်းဘိုင်းငင်…မိုးရွာတုန်းရေခံ….အချိန်ရှိခိုက် လုံ့လစိုက်…တဲ့။ စကားပုံတွေ ကြားခဲ့တာလည်းခဏခဏပေါ့။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ။စကားပုံတွေ ဆိုရိုးစကားတွေ ကြားဖူးတယ် အချိန်ရဲ့တန်ဖိုးကိုသိထားတယ်ဆိုတာလောက်ပဲ။ အခုလုပ်ငန်းခွင်ဝင်လာတဲ့အချိန် အလုပ်တွေ လုပ်လာတဲ့အခါရောက်တော့မှ အချိန်ဆိုတာထင်ထားတာထက် ပိုပြီးတန်ဖိုးရှိတယ်ဆိုတာပိုသိလာရတယ်
အခုကျနော့်အလုပ်ကနယ်တွေမှာကြော်ငြာနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်ရတယ်။ နယ်တွေမှာလုပ်ရတဲ့အခါ ကိုယ်ရောက်တဲ့မြို့မှာလုပ်စရာရှိတဲ့အလုပ်ကို ပြီးအောင်လုပ်ရတယ်။ အဲဒီမြို့မှာလုပ်စရာပြီးရင် နောက်တစ်မြို့ကိုအချိန်မှီရောက်အောင်ကူးရတယ်။ ရုံးကအချိန်ကိုချိန်ဆပြီးခရီးသွားရမယ့် နေ့ရက်ကိုသတ်မှတ်ပေးလိုက်တယ်။ ဘယ်နေ့ကနေဘယ်နေ့အထိပေါ့။ ကျနော်တို့ကအဲဒီနေ့ရက် အဲဒီအချိန်အတွင်းမှာကိုယ်သွားရမယ့် မြို့တွေကိုသွားရောက်ပြီးအလုပ်တွေကို ပြီးစီးအောင်မြင်အောင်လုပ်ရတယ်။ အထူးသဖြင့် အဲဒီမြို့တွေရဲ့ဈေးတွေမှာလုပ်ရတာပဲ။တခါတလေတော့လည်း မြို့နှစ်မြို့ရဲ့ဈေးနှစ်ဈေးကိုအချိန်မှီအောင် အလုပ် လုပ်ပြီးကူးရပါတယ်။ တစ်မြို့က ဈေးမှာအလုပ်ပြီးလို့ရှိရင် နောက်တစ်မြို့က ဈေးမပိတ်ခင် အမှီအပြေးအလွားသွားရတာမျိုးတွေ အဲဒီဈေးကိုအမှီရောက်အောင်သွားပြီးပြန်တော့ ရောက်ရောက်ချင်းအလုပ်ကတန်းပြီးလုပ်ရတယ်။ ပြီးစီးအောင် လုပ်ရတယ်။ အဲဒီကျတော့ အချိန်ဆိုတာအရေးပါလာပြီနာရီဝက် (၁၅)မိနစ်ကအစတန်ဖိုးရှိလာပြီ။ ယားလို့တောင်မကုတ်အားဘူးဆိုတာအဲလိုမျိုးထင်ပါရဲ့။ လူလည်းပင်ပန်းတယ်…နောက်ပြီးအချိန်နဲ့အမျှ အလုပ်ကိုပြီးအောင်လုပ်ရတာဖြစ်တဲ့အတွက် အချိန်မမှီမှာစိုးရိမ်ရတယ်…အဲဒီတော့ အပြေးအလွားသွားလာရတာလုပ်ကိုင်ရတာမျိုးတွေ ရှိပါတယ်။ အဲဒီအတွက် စိတ်လည်းပင်ပန်းရတယ်။
ကျနော်အခုအလုပ်မှာခရီးထွက်တဲ့အခါတိုင်းအချိန်လုပြီးလုပ်ရတဲ့အလုပ်တွေနဲ့ပဲ ကြုံနေရတယ်။ ခရီးစဉ်မှာလုပ်ရတဲ့အလုပ်တွေကလည်းစိတ်မောလူမောပဲ။ နောက်ဆုံးအလုပ်ပြီးလို့ အိမ်ပြန်ရောက်မှပဲအမောပြေပါတယ်။ အခုလိုလုပ်ငန်းခွင်ထဲမှာအချိန်လုလုပ်ရတဲ့အလုပ်တွေကိုလုပ်ရတဲ့အခါကျတော့မှပဲ…သြော်…
အချိန်ဆိုတာ
ငါထင်ထားတာထက်….
ငါ ကြားဖူးထားတဲ့ စကားပုံဆိုရိုးစကားတွေထဲကထက် ပိုပြီးတန်ဖိုးရှိပါလားဆိုတာသိလာရတယ်။ ကျနော်တို့ လုပ်ရတဲ့ အလုပ်ကရုံးကသတ်မှတ်ပေးလိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာအလုပ်တွေကို ပြီးစီးအောင်လုပ်ရတယ်။ မပြီးဘူးဆိုလို့ရှိရင် တာဝန်မကြေရာကြမယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်လည်းကျမယ်။ ဒီကောင် ဒီအလုပ်လေးခိုင်းတာကိုတောင်ဖြစ်အောင်မလုပ်နိုင်ပါဘူးကွာဆိုပြီးအထင်သေးခံရမယ်။
 နောက်ဒီကောင့်ကိုခိုင်းလို့မဖြစ်ဘူးလူချိန်းမှဖြစ်မယ်ဆိုတာမျိုးတွေဖြစ်လာမယ်။ ကိုယ့်ကိုအထက်လူကြီးတွေ ယုံကြည်မှုဆိုတာမရှိတော့ဘူး။ နောက်တော့ ကိုယ့်အကျိုးစီးပွားပဲဆုတ်ယုတ်မယ်။ လူတွေပဲဗျာ…ကိုယ့်အကျိုးစီးပွားတော့ ဘယ်အဆုတ်ယုတ်ခံချင်မှာလဲ။ အဲတော့ ခိုင်းတဲ့အလုပ်တွေကိုမပြီးလည်း ပြီးအောင်လုပ်ရတာပေါ့။ စိတ်မောလူမောလုပ်ပြီးတဲ့အခါ လစာဆိုတာတွေ ရလာတယ်လေ။ အဲဒီလစာငွေလေးကို ကြည့်ပြီးသြော်…ပိုက်ဆံဆိုတာဒီလိုရှာရတာပါလား….ဒီလိုအပင်ပန်းခံမှ အချိန်တွေ လုပ်အားတွေ ပေးဆပ်မှ ရတာပါလားဆိုတာကို ပါ….ပိုသိလာတယ်။ အရင်ကအလုပ်မလုပ်ခင်ကပိုက်ဆံတန်ဖိုးဆိုတာဒီလောက်ဘယ်သိဦးမတုန်း…အချိန်တန် အိမ်ကပိုက်ဆံတောင်းမယ်။ မရရင် စိတ်ဆိုးမယ် စိတ်ကောက်မယ်။ အခုတော့ အလုပ်ထဲမှာကျင်လည်လာရတဲ့အခါ ပိုက်ဆံရဲ့တန်ဖိုး၊ အချိန်ရဲ့တန်ဖိုးတွေကိုသိလာတယ်။ ပိုပြီးရင့်ကျက်လာတယ်လို့ပဲပြောရမှာပေါ့..။
အချိန်ရဲ့တန်ဖိုးဆိုတာကိုပိုပြီးလေးလေးနက်နက်တွေးမိတယ်။ ကျနော်ကလက်ရှိဝန်ထမ်းအလုပ်ကိုလုပ်တယ်။ အထက်ကခိုင်းတာကိုပေးလိုက်တဲ့ရက်နဲ့ သွားရမယ့် ခရီးနဲ့ကိုချိန်ဆပြီးအချိန်နဲ့အမျှ အလုပ်ကို ပြီးအောင်လုပ်ရတယ်။ အချိန်ကိုလုပြီးလုပ်ရတာတွေလည်းခဏခဏပဲ။ ထမင်းစားချိန်ဆိုတာကိုတောင် မပေးနိုင်လောက်အောင် ဖြစ်ခဲ့ရတာလည်းအခါခါ။ အဲဒီမှာသိလာရတဲ့အသိက…သြော်…ငါကတစ်နေ့တာရုံးကခိုင်းထားတဲ့အလုပ်ကိုအချိန်နဲ့အမျှ လုပြီးလုပ်နေရတယ်။ (၁၅)မိနစ်၊ နာရီဝက်ဆိုတာကိုတောင် အလေလွင့်မခံနိုင်အောင်ကိုအလုပ်များတယ်။ အဲဒီအခါမှာအချိန်တွေဖြုန်းပြီးအားနေတဲ့သူတွေ၊ လက်ဖက်ရည်ဆိုင်အချိန်ဖြုန်းနေတဲ့ သူများတွေ့ရင် သူတို့အချိန်တွေ ငါယူလို့ရရင်ကောင်းမှာပဲလို့ တောင်တွေးမိတယ်။ အခုတလောနယ်တစ်ယောက်ထဲထွက်ရတဲ့အခါမျိုးတွေမှာအချိန်လုပြီးလုပ်နေရပေမယ့် ကျနော် ညံ့ဖျင်းတဲ့အတွက် လစ်ဟင်းခဲ့တာတွေ အလုပ်ကိုပြီးစီးပေမယ့် သေသပ်အောင်မလုပ်နိုင်ခဲ့တာတွေရှိခဲ့ပါတယ်။ လက်ရှိကျနော့်အတွက် အချိန်နဲ့အမျှ ပြီးအောင်လုပ်ရတယ်ဆိုတာရုံးကခိုင်းလိုက်တဲ့ သတ်မှတ်ပေးလိုက်တဲ့နယ်ထွက်ရတဲ့ရက်မှာ ပြီးအောင်လုပ်ရတာပဲရှိပါတယ်။ ကျနော့်ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်ချင်တဲ့ရည်မှန်းချက်တွေဆိုတာလည်းရှိပါတယ်။ ကျနော်တို့ဘဝမှာနေရတဲ့ သက်တမ်းဆိုတာတိုတိုလေးပါ။ အဲဒီသက်တမ်းတိုတိုလေးအတွင်းမှာကျနော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေ ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ရတယ်။ တချို့လည်းရည်မှန်းချက်အောင်မြင်ပြီးအကောင်အထည်ဖော်နိုင်သူတွေရှိသလို။ တချို့ကျတော့လည်း ဖြစ်ချင်တဲ့ဆန္ဒတွေ ရည်မှန်းချက်တွေဖြစ်မလာပဲဘဝမှာအဆင်ပြေသလိုတင်းတိမ်ရောင့်ရဲပြီးနေထိုင်သွားကြရတဲ့
သူတွေလည်းအများကြီးပါ။ ရည်မှန်းချက်အောင်မြင်ပြီးအကောင်အထည်ဖော်နိုင်တဲ့သူတွေ တိုးတက်ကြီးပွားပြီးဘဝမှာနေရာတစ်နေရာကိုရယူပိုင်ဆိုင်နိုင်သူတွေကတော့ အချိန်ကိုစီမံခန့်ခွဲပြီးအကျိုးရှိအောင် အသုံးချနိုင်သူတွေပဲလို့ဆိုရမှာ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုကျနော့်အလုပ်နဲ့ပတ်သက်ပြီးပြောရရင် ရုံးကတော့ ပြီးနိုင်လောက်တဲ့အချိန်ကိုပေးတာပါပဲ။ ကျနော်ကအချိန်စီမံခန့်ခွဲတတ်မှုမှာအားနည်းခဲ့တယ်။ ဒါကြောင့် အလုပ်မှာပျာယာခတ်ခဲ့ရတာတွေ စိတ်မောခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအားနည်းချက်ကိုလည်း ပြင်ရဦးမှာဖြစ်ပါတယ်။ ကျနော်တို့ဘဝတွေမှာအချိန်ဆိုတာကျနော်တို့ထင်ထားတာထက် ပိုပြီးအရေးပါတယ်။ ပိုပြီးတန်ဖိုးရှိတယ်။ လူတစ်ယောက်တိုးတက်တယ်…ကြီးပွားတယ်…အောင်မြင်တယ်….ဆိုတာအချိန်ပေါ်မှာ
မူတည်ပြီးဖြစ်သွားတာ
ပါ။ ရည်မှန်းချက်ကိုတိတိချမှတ်မယ်။ အချိန်ကိုစီမံခန့်ခွဲပြီးအသုံးချတတ်မယ်။ ဘယ်အချိန်မှာဘာကိုလုပ်ရမယ်။ ဘယ်လိုအခြေအနေမျိုးမှာဘာကိုလုပ်ဆောင်ရမယ်ဆိုတာကိုသိတတ်ဖို့လိုပါမယ်။ တချို့လူတွေကပြောကြတယ်…။ လူဆိုတာကံစီမံရာပါကွာ…ဘဝမှာဘာပဲဖြစ်ချင် ဖြစ်ချင် ကံအကြောင်းတိုက်ဆိုင်မှဖြစ်တာပါ…။ ရည်မှန်းချက်ဆိုတာရှိတာတော့ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်ဆိုတာတကယ်ကိုဖြစ်လာမှာလို့လည်းတွက်မထားနဲ့…တကယ်လို့ဖြစ်မလာခဲ့ရင် ကိုယ်ပဲခံစားရမှာဆိုတာမျိုးတွေ ပြောကြတာ ကြားဖူးပါတယ်။ တကယ်တော့ ဒါဟာမဖြစ်နိုင်တဲ့ ဆင်ခြေတစ်ခုပါ။ ကိုယ့်ရည်မှန်းချက် အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ကျနော်တို့ရဲ့လက်တွေဟာကျနော်တို့ရဲ့အနာဂတ်ကိုထုဆစ်မယ့် လက်တွေပဲ။ ကိုယ့်အနာဂတ်ကိုကိုယ်ပဲထုဆစ်ရမှာပါ။ ကိုယ်ထုဆစ်လိုက်တဲ့ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
လူတစ်ယောက်ဟာတိုးတက်ချင်တယ် ကြီးပွားချင်တယ် အောင်မြင်ချင်တယ်ဆိုရင် တိကျခိုင်မာပြတ်သားတဲ့ ရည်မှန်းချက်ရှိရမယ် အချိန်ကိုစီမံခန့်ခွဲတတ်ဖို့လိုမယ်။ အချိန်ကိုအကျိုှးရှိရှိအသုံးချတတ်ဖို့လိုမယ်။ ထကြွနိုးကြားပြီးလုံ့လဝီရိယသာကောင်းမယ်ဆိုရင် ဘဝမှာဘယ်လိုအခြေအနေဘယ်လိုအခက်အခဲမျိုးတွေပဲရှိရှိတစ်နေ့မှာရည်မှန်းချက်ပန်းတိုင်ကိုမုချ
လှမ်းကိုင်နိုင်ပြီးအောင်မြင်မှုရမှာအသေအချာပဲလို့ တွေးမိရင်းကိုယ့်ကိုကိုယ်ဆင်ခြင်မိပါတယ်။

0 comments: