Merchandiser

ကျနော် Merchandiser တစ်ယောက်ပါ။ ၀ါသနာပါတာက ကွန်ပျူတာပညာရပ်ဆိုင်ရာကို ၀ါသနာပါပေမယ့် လက်ရှိမှာတော့ Merchandiser တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။ ကျနော် ဒီအလုပ် လုပ်တာ သိပ်မကြာသေးပါဘူး။ အခုဆို လေးလကျော်ပြီး ငါးလပြည့်တော့မှာပါ။ အရင်က Marketing အတွေ့အကြုံမရှိခဲ့ပါဘူး။ လက်ရှိအလုပ်ဝင်ကာစမှာ ကျနော့်အတွက် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။  Marketing အကြောင်း ၊ Marketing သဘောသဘာဝတွေကိုလည်း နားမလည်တဲ့အတွက် လေ့လာသင်ယူခဲ့ရတယ်။ လက်ရှိမှာလည်း လေ့လာသင်ယူဆဲဖြစ်သလို နောက်လည်း လေ့လာသင်ယူနေရဦးမယ်။ Marketing ဆိုတာ ပညာရပ်တစ်ခုဖြစ်သလို စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ တကယ်လို့ ၀န်ထမ်းဘ၀ကိုစွန့်လွတ်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရပ်တည်မယ်ဆိုရင် Marketing အမြင်က အရေးပါ ပါတယ်။ Marketing အမြင်ရှိသူ တစ်ယောက်လုပ်တဲ့ လုပ်ငန်းနဲ့ အမြင်မရှိသူတစ်ယောက်လုပ်တဲ့ လုပ်ငန်းရဲ့ အောင်မြင်မှုကွာခြားချက်က သိသာလှပါတယ်။ ဒါကလည်း ကျနော် ဒီအလုပ်ကို လုပ်ဖြစ်မှ သိလာခဲ့တာပါ။ Company တစ်ခုမှာ Product အသစ် တစ်ခုထုတ်တော့မယ်ဆိုရင် အဲဒီပစ္စည်း ဒါမှမဟုတ် အဲဒီထုတ်ကုန် ဈေးကွက်မှာ
ပေါက်ဖို့ တစ်နည်းအားဖြင့် ဈေးကွက်ထဲမှာ လူသိများဖို့ ရောင်းအားကောင်းဖို့ စားသုံးသူတွေ ယုံကြည်လက်ခံပြီးရေရှည်ရပ်တည်နိုင်ဖို့ ပြိုင်ဘက်ကုန်ပစ္စည်းတွေရဲ့ထိုးနက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ကာကွယ်နိုင်ဖို့ စတာတွေဟာ Marketing သဘောတရားတွေပေါ် အခြေခံပါတယ်။ ပစ္စည်းတစ်ခု ဈေးကွက်ထဲမှာ ပေါက်ဖို့ အမှတ်တံဆိပ်တစ်ခု လူသိများဖို့အတွက် Marketing မရှိရင် မဖြစ်ပါဘူး။ ဒါကြောင့် Marketing ဆိုတာ ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Company တိုင်း လုပ်ငန်းတိုင်းအတွက် အရေးပါ ပါတယ်။
ကျနော့် လက်ရှိအလုပ်ခေါ်တုန်းက Merchandiser ရာထူးနဲ့ခေါ်ပါတယ်။ ကျနော်ကလည်း Merchandiser ဆိုတာ ကြော်ငြာ Vinyl တွေ ရိုက်၊ ကြော်ငြာ Wall Sheet ကပ်၊ အရောင်းသမားက ဆိုင်တွေကို ရောင်းသွားတဲ့ ကိုယ့် Company က Product တွေကို ဆိုင်တွေမှာလိုက်ပြီး သပ်ရပ်လှပမှုရှိအောင် ခင်းကျင်းပေး စသဖြင့် အဲဒီလို အလုပ်တွေကို လုပ်ရတဲ့အလုပ်လို့ ထင်မြင်ခဲ့ပါတယ်။ တကယ်လည်း အဲဒါတွေလုပ်ရတာပါပဲ။ တခါတလေ အမြင့်တွေ လှေကားနဲ့တက်ပြီး ကြော်ငြာရိုက်ရင် ရိုက်ရမယ်ပေါ့ အဲဒီလိုလည်း တွေးထင်ခဲ့ပါတယ်။ တကယ်တော့ Merchandiser အလုပ်ဆိုတာ အဲဒီထက် ပိုကျယ်ပြန့်ပါတယ်။ အလုပ်ခေါ်တုန်းက Merchandiser နှစ်ယောက်ခေါ်ပါတယ်။ အဲဒီတော့ ကျနော့်လိုပဲ ဒီရာထူးနဲ့ အလုပ်လျှောက်ထားတဲ့သူတစ်ယောက်ကလည်း ကျနော့်နည်းတူ အင်တာဗျူးလာဖြေတယ်။ မဖြေရသေးခင် သူက ကျနော့်ကိုမေးတယ်။ Merchandiser ဆိုတာ ပစ္စည်းတွေ ဆိုင်ကယ်နဲ့ လိုက်ရောင်းရမှာလားတဲ့။ အဲဒီတင် ကျနော် အံ့သြသွားတယ်။ တချို့လူတွေက အလုပ်လိုချင်လို့သာ ခေါ်တဲ့ရာထူးကိုလျှောက်ကြတာ ကိုယ်လျှောက်တဲ့အလုပ်က ဘယ်လိုအလုပ်မျိုးတွေ လုပ်ရမယ်ဆိုတာတောင် မသိကြတာမျိုးတွေရှိတယ်ဆိုတာ ကျနော် သိလိုက်ရပါတယ်။ အဲတော့ ကျနော်လည်း အတွေ့အကြုံမရှိပေမယ့် ကျနော်သိသလောက် Merchandiser ရဲ့ အလုပ်သဘောသဘာဝကို ရှင်းပြလိုက်ရတယ်။ အင်တာဗျူးတော့ သူ့ကိုအရင် အင်တာဗျူးတယ်။ ကျနော်ပြောပြလိုက်တဲ့အတွက် အခြေအနေမဆိုးလောက်ဘူးလို့ထင်မိတယ်။ သူလည်း အလုပ်ရမယ်ပေါ့။ တကယ်အလုပ်ခန့်တော့ သူအလုပ်မရပါဘူး။ အင်တာဗျူးမှာ သူဘယ်လိုဖြေလိုက်လည်းတော့ ကျနော်လည်း မသိဘူး။ ကျနော့်အလှည့်မှာတော့ ကျနော့်မှာ Marketing အတွေ့အကြုံမရှိတဲ့အကြောင်း၊ Merchandiser အတွေ့အကြုံမရှိတဲ့အကြောင်းကို ကျနော် ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။ ကျနော်အရင်အလုပ်မှာ Sales Representative လုပ်ခဲ့တဲ့အတွက် အရောင်းအတွေ့အကြုံပဲ ကျနော့်မှာရှိပါတယ်။ အင်တာဗျူးမှာ ကျနော့်ကို မေးသမျှ ကြိုးစားပြီး အကောင်းဆုံးဖြေဆိုခဲ့တယ်။ ကျနော်အတွေ့အကြုံမရှိတဲ့အတွက် အလုပ်ရမယ်လို့လည်း ထင်မထားခဲ့ဘူး။ နောက်တော့ ကျနော် Merchandiser အလုပ်ရခဲ့တယ်။ ကျနော့်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။ အများကြီးကြိုးစားရဦးမှာပါ။ Merchandiser ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လေ့လာစရာတွေ သင်ယူစရာတွေ အများကြီးကျန်ပါသေးတယ်။ နောက်ပိုင်းမှာလည်း ကျနော့်အတွေ့အကြုံတွေနဲ့ ကျနော်လေ့လာသင်ယူပြီး သိနားလည်ခဲ့တဲ့ Marketing နဲ့ပတ်သက်တဲ့ ပို့စ်တွေ တင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။ Marketing နဲ့ပတ်သက်လို့ ၀ါရင့်ဆရာကြီးတစ်ယောက်မဟုတ်ပေမယ့် လက်ရှိကျနော်တတ်သိနားလည်ထားတာလေးတွေကို မျှဝေလိုတဲ့ သဘောပဲဖြစ်ပါတယ်။



0 comments: