စိတ်ချဉ်ပေါက်သောနေ့...6.4.14

Blog ကို ပစ်ထားခဲ့တာ ကြာပြီ...နှစ်ဆွေးနေပြီ....အရင်က Blog ရူး ရူးခဲ့သလောက် အဲ့စိတ်တွေက မီးခဲပြာဖုံးဖြစ်သွားပြီ....၀ါဿနာမပါတာတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ၀င်ငွေဆိုတဲ့အရာ အနည်း အများကို ကြည့်ပြီး လုပ်ခဲ့တဲ့အတွက် ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်တွေ ကိုယ် တကယ်ဝါဿနာပါတာတွေ အားလုံးတိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပြီ....အရင်တစ်ချိန်က အလျှံတငြီးငြီးတောက်လောင်ခဲ့တဲ့ မီးတောက်တစ်ခုဟာ အခုမီးသေစပြုပြီ...။

ဒီအလုပ်ကို လုပ်ခဲ့တာ အခုဆို ၃ နှစ်ပြည့်တော့မယ်...အဆင်ပြေတလှည့် မပြေတလှည့်....ပျော်တလှည့် မပျော်တလှည့်နဲ့ လုပ်ခဲ့တာ အချိန်တွေ မနည်းပါလား.....။ အခုတော့ အလုပ်ထဲမှာ စိတ်ချမ်းသာမှုလည်း မရှိတော့ ပျော်ရွှင်မှုလည်း မရှိတော့ အလုပ်က ထွက်ချင်စိတ်တွေ ပေါက်နေပြီ....။ မကြာခင်ရက်မှာ အလုပ်နားဖို့အတွက် သက်ဆိုင်ရာ အထက်လူကြီးတွေကို ဖွင့်ပြောတော့မယ်....။ ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို Pressure တွေနဲ့ လုပ်ရင်း အပြောခံ အဆိုခံ အဆဲခံ အငေါက်ခံ ရတဲ့ ဒဏ်တွေကို ရှေ့ဆက် မခံနိုင်တော့....။ ဒီရက်ပိုင်းမှာ စိတ်လေနေတယ်....စိတ်ညစ်နေတယ်....။ လက်ရှိတာဝန်ယူ လုပ်ဆောင်နေရတဲ့ နေရာကို တာဝန်ယူမယ့် နောက်လူတစ်ယောက်ကို ရှာဖို့ ပြောမယ်...။ လူရှာလို့ရပြီဆိုရင် အဲ့လူကို လွှဲအပ်စရာရှိတာတွေ အကုန်လွှဲအပ်မယ်...လွှဲပြောင်းပေးမယ်...အလုပ်သဘောသဘာဝတွေ အကုန်ပြောပြမယ်.....။ သူ့ကို အလုပ်ကိစ္စလွှဲပြောင်းတာ တစ်လ နှစ်လ ပေါ့....။ ပြီးရင်တော့ လက်ရှိအလုပ်က လစ်ပြီ....။ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ မပျော်တော့ဘူး....စိတ်မချမ်းသာတော့ဘူး...ဆိုရင် ဆက်မလုပ်တာ အကောင်းဆုံးပဲ....။ လူတစ်ကိုယ်မှာ စိတ်က ဦးဆောင်တာလေ...။ စိတ်ကမှ မပျော်တော့တာ မလုပ်ချင်တော့တာ....စိတ်ညစ်နေမှတော့ ဆက်လုပ်နေလည်း အလကားပဲ မလား...။

အလုပ်မှာ စိတ်ညစ်ပြီး အဆင်မပြေရတဲ့ ကြားထဲ အိမ်နဲ့ မတူတဲ့ အိမ်မှာ နေရတာက တစ်မျိုး....။ ရဲလေး က အိမ် ဆိုပြီး ဘာကြောင့် နာမည်တပ် စီးရီးထုတ်သလဲ ဆိုတာ နားလည်ခဲ့ပြီ....။ လက်ရှိနေရတဲ့ အိမ်ဟာ အိမ်နဲ့ မတူတဲ့ အိမ်....။ စိတ်ချမ်းသာမှုတွေ လွတ်လပ်မှုတွေ ပျော်ရွှင်မှုတွေ စိတ်ကြိုက်အနားယူ အပန်းဖြေခွင့် မရှိတဲ့ အိမ်....။ TV ကြည့်တာ Video ကြည့်တာတောင် ကိုယ်ကြည့်တာ ကြည့်ခွင့်မရတဲ့ အိမ်....။

အလုပ် နဲ့ အိမ်....အလုပ်မှာလည်း စိတ်မချမ်းသာ....အိမ် ဆိုတာကလည်း နေချင်စဖွယ်မကောင်း....။ ရှေ့ဆက် ဘာလုပ်ရမလဲ.....


ညံ့မနေဖို့တော့ လိုတယ်

လူတစ်ယောက် ဟာ ညံ့နေဖို့လွယ်တယ်
တော်ဖို့က ခက်တယ်....
သူများထက် သာချင်ရင် သူများထက် ပိုကြိုးစားရမှာပဲ
ပိုပေးဆပ်ရမယ်...ပိုပြီး အပင်ပန်းခံနိုင်ရမယ်
ဒါကြောင့် သူများထက်သာအောင်၊ တော်အောင်
ကြိုးစားရတယ်ဆိုတာ ပင်ပန်းတယ်...ခက်တယ်...။

ညံ့ဖို့ဆိုတာက အသာလေး ရေစုန်မျောလိုက်ရသလိုပဲ
အပျင်းကြီးမယ်...အအိပ်ကြီးမယ်...အချိန်ဖြန်းမယ်...
လူတိုင်း ညံ့အောင်နေနိုင်ကြတယ်....
ဒါကြောင့် လူညံ့တွေ များနေတာပဲ...။
လူတိုင်း တော်အောင်မနေနိုင်ဘူး...
ဒါကြောင့်လည်း လူတော်တွေ နည်းနေတာပေါ့...။

လူညံ့လုပ်ချင်သလား.....?
အလွယ်လေးပါ...
သက်သောင့်သက်သာ ဇိမ်နဲ့နေရုံပေါ့...။
လူတော်ဖြစ်ချင်သလား...?
အပင်ပန်းခံနိုင်ရမယ်...ဇွဲရှိရမယ်...
ဝီရိယ ရှိရမယ်...ပေးဆပ်နိုင်ရမယ်....စသဖြင့်ပေါ့....
ဒီထက်မကတဲ့ အချက်တွေလည်း အများကြီးပါ...။
လူတော်ဖြစ်ဖို့ သူများထက်သာဖို့ အမြဲတမ်း
ခေါင်းထဲထည့်ထားရတယ်....။
သူ့အတွက်က တော်ဖို့ ထူးချွန်ဖို့
တခြားသူတွေထက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဖို့....။

လူတော်တစ်ယောက်ဖြစ်အောင်
လူတိုင်းမလုပ်နိုင်ပေမယ့်
လူ့လောကရဲ့ ဘယ်နေရာမှာမဆို
ဘယ်လုပ်ငန်းဌာန...ဘယ်ပတ်ဝန်းကျင်မှာမဆို
ဘယ်အဖွဲ့အစည်းမှာမဆို
လူတော်တွေကိုသာ အလိုရှိတတ်ကြတယ်
လိုချင်တတ်ကြတယ်....အားကိုးကြတယ်...။
လူညံ့ကိုတော့ လူ့လောကရဲ့ ဘယ်နေရာမှာမှ
အလိုမရှိကြဘူး...မလိုချင်ကြဘူး....။

လူတော်တွေ နေရာရသလောက်
လူညံ့တွေကတော့ လူတော်တွေအတွက်
ဘေးဖယ်ပေးကြရတာ ဓမ္မတာပဲ....။
အဲဒီတော့ သင်ဟာ
လူတော်တစ်ယောက်အတွက်
သင့်ရဲ့ပိုင်ဆိုင်ထားတဲ့ နေရာတစ်နေရာကို
ဖယ်ပေးချင်သလား ?
သို့မဟုတ်....သင်...
လူတော်လုပ်မလား....? လူညံ့လုပ်မလား....?

လူတော်တစ်ယောက်ဖြစ်အောင်
ကြိုးစားနိုင်တဲ့သူအဖို့ ဘ၀မှာ
အောင်မြင်မှုတွေနဲ့ တိုးတက်ကြီးပွားနိုင်ပါတယ်...။
လူညံ့တစ်ယောက်အဖြစ်ကတော့
ဘ၀မှာ အဆင်မပြေမှုတွေ....
ကျရှုံးမှုတွေ ဒုက္ခတွေနဲ့သာ
ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်...။

အစွန်းတစ်ဖက် က ထူးချွန်ခြင်း တော်ခြင်း
နောက်အစွန်းတစ်ဖက် မှာတော့
အရည်အချင်းမရှိခြင်း ညံ့ဖျင်းခြင်း
သင်ဟာ အစွန်းနှစ်ဖက်မှာ
ဘယ်ဘက်မှ မရောက်ဘူးဆိုရင်တောင်
သင် ညံ့မနေဖို့တော့ လိုတယ်....။
                                                       နေမိုးငယ်


အားကျမိတဲ့ သူတစ်ယောက်အကြောင်း

မနေ့က ရုံးပိတ်ရက်မှာ အင်တာနက်သုံးရင် http://www.myanmartutorials.com မှာ ကိုသီဟ ရေးတဲ့ Interview ကို ဖတ်ကြည့်ဖြစ်တယ်။ ကြိုက်တာနဲ့ Interview ကို PDF လုပ်ပြီး သိမ်းထားဖြစ်ပါတယ်။ အဲဒီ Interview ဖြေကြားပေးတဲ့ ပုဂ္ဂိုလ်ဟာ ကျနော့်အတွက် အားကျ အတုယူရမယ့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ် ပါတယ်။ ကျနော့် ၀ါဿနာ ကျနော့် ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လို့ပါပဲ။ အဲဒီ အင်တာဗျူးကို ဖတ်ပြီး ကျနော့်ကို ကျနော်လည်း အတွေးအခေါ် အသိအမြင်တွေ ပြောင်းလဲလာစေခဲ့တယ်။ အမှန်အတိုင်း ၀န်ခံရရင် အဲဒီ အင်တာဗျူးဖြေကြားပေးတဲ့ ကိုမောင်မောင်သန့် ကို ကျနော် အားကျမိတယ်။ သူ့လို ကြိုးစားပြီး သူ့လိုဖြစ်ချင်မိတယ်ပေါ့ဗျာ။ ကိုမောင်မောင်သန့် ပြောကြားတဲ့အထဲက " ကျနော့်ဘ၀တစ် ခုလုံးအတွက် အသုံး ၀င်ခဲ့တဲ့ တိုက်တွန်းချက်ပဲ " ဆိုတဲ့ စာသားဟာ ကျနော်တို့ ပညာရပ်ဆိုင်ရာကို လေ့လာသင်ယူနေတဲ့ လူငယ်တွေအားလုံးကို တိုက်တွန်းလိုက်သလိုပါပဲ။  
အခုကျနော် ပြောပြတဲ့ Interview ကို စိတ်ဝင်စားတဲ့သူတွေဖတ်လို့ရအောင် PDF ဖိုင်လေးကို တင်ပေးလိုက် ပါတယ်။ မူရင်းဆိုက်ကတော့ http://www.myanmartutorials.com ပါ။ အဲဒီဆိုက်ထဲက Interview ကဏ္ဍ မှာ ဖတ်ရှုလို့ရပါတယ်။  PDF ကိုဖတ်ကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ Link တွေပေးထားပါတယ်။ Interview ကို Part I, Part II ခွဲပြီး တင်ထားပါတယ်။ Download ချနိုင်ပါတယ်ဗျာ။

Part I  Download : ZidduMediafireMinus
Part II Download : ZidduMediafireMinus


မနက်ဖြန်....

မနက်ဖြန်ဆိုရင် ရုံးကလူကြီးတစ်ယေက်နဲ့ ခရီးထွက်ရမယ်။ ခရီးစဉ်မှာအဆင်ပြေအောင် အလုပ်ပြီးမြောက်အောင် လူကြီး စိတ်တိုင်းကျအောင် လုပ်ဆောင်ရမယ်။ အဲဒီအတွက် လုပ်ငန်းကျွမ်းကျင်မှုတွေ၊ အချိန်ပိုင်းခြားတတ်မှုတွေ၊ သွက်လက်ဖြတ်လတ်မှုတွေ ရှိဖို့လိုအပ်တယ်။ အဓိက ကတော့ ကိုယ့်ကိုကိုယ် ငါလုပ်နိုင်မှာသေချာတယ် ၊ ငါလုပ်နိုင်တယ်၊ လုပ်ငန်းပြီးမြောက်အဆင်ပြေပြီး လူကြီး စိတ်တိုင်းကျရမယ် ဆိုတဲ့ ယုံကြည်မှုရှိဖို့ပဲ။ အဲဒီလိုအပ်ချက်တွေကို အခုညကရင်း ပြင်ဆင်ထားရတယ်။ မနက်ဖြန်ဆိုတာ ကျနော့်အတွက်တော့ စာမေးပွဲဖြေရမယ့် နေ့ တစ်နေ့လိုပါပဲလား။ ကျနော်က စာဖြေသူ ကျနော့်အထက်လူကြီးက စာစစ်သူ။ ကျနော့် လုပ်ရည်ကိုင်ရည်ကိုလည်း သူက အကဲခတ်မှာပဲ။ မနက်ဖြန်အတွက် စိတ်ဓာတ်ခွန်အားတွေနဲ့ ပြင်ဆင်ရင်း စာမေးပွဲဖြေရမယ့် ကျောင်းသားတစ်ယောက်ရဲ့ခံစားမှုမျိုး ခံစားနေရတယ်။


စိန်စီထားတဲ့စက္ကန့်တွေကို ဖြတ်သန်းခဲ့တယ်

အချိန်ဆိုတာတန်ဖိုးရှိတယ်လို့လူမှန်းသိတတ်စအရွယ်ကတည်းကလူကြီးသူမတွေရဲ့အပြောကို ကြားခဲ့ရတယ်။ စကားပုံတွေလည်းကြားခဲ့ရတာပေါ့။ လသာတုန်းဘိုင်းငင်…မိုးရွာတုန်းရေခံ….အချိန်ရှိခိုက် လုံ့လစိုက်…တဲ့။ စကားပုံတွေ ကြားခဲ့တာလည်းခဏခဏပေါ့။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ။စကားပုံတွေ ဆိုရိုးစကားတွေ ကြားဖူးတယ် အချိန်ရဲ့တန်ဖိုးကိုသိထားတယ်ဆိုတာလောက်ပဲ။ အခုလုပ်ငန်းခွင်ဝင်လာတဲ့အချိန် အလုပ်တွေ လုပ်လာတဲ့အခါရောက်တော့မှ အချိန်ဆိုတာထင်ထားတာထက် ပိုပြီးတန်ဖိုးရှိတယ်ဆိုတာပိုသိလာရတယ်
အခုကျနော့်အလုပ်ကနယ်တွေမှာကြော်ငြာနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်ရတယ်။ နယ်တွေမှာလုပ်ရတဲ့အခါ ကိုယ်ရောက်တဲ့မြို့မှာလုပ်စရာရှိတဲ့အလုပ်ကို ပြီးအောင်လုပ်ရတယ်။ အဲဒီမြို့မှာလုပ်စရာပြီးရင် နောက်တစ်မြို့ကိုအချိန်မှီရောက်အောင်ကူးရတယ်။ ရုံးကအချိန်ကိုချိန်ဆပြီးခရီးသွားရမယ့် နေ့ရက်ကိုသတ်မှတ်ပေးလိုက်တယ်။ ဘယ်နေ့ကနေဘယ်နေ့အထိပေါ့။ ကျနော်တို့ကအဲဒီနေ့ရက် အဲဒီအချိန်အတွင်းမှာကိုယ်သွားရမယ့် မြို့တွေကိုသွားရောက်ပြီးအလုပ်တွေကို ပြီးစီးအောင်မြင်အောင်လုပ်ရတယ်။ အထူးသဖြင့် အဲဒီမြို့တွေရဲ့ဈေးတွေမှာလုပ်ရတာပဲ။တခါတလေတော့လည်း မြို့နှစ်မြို့ရဲ့ဈေးနှစ်ဈေးကိုအချိန်မှီအောင် အလုပ် လုပ်ပြီးကူးရပါတယ်။ တစ်မြို့က ဈေးမှာအလုပ်ပြီးလို့ရှိရင် နောက်တစ်မြို့က ဈေးမပိတ်ခင် အမှီအပြေးအလွားသွားရတာမျိုးတွေ အဲဒီဈေးကိုအမှီရောက်အောင်သွားပြီးပြန်တော့ ရောက်ရောက်ချင်းအလုပ်ကတန်းပြီးလုပ်ရတယ်။ ပြီးစီးအောင် လုပ်ရတယ်။ အဲဒီကျတော့ အချိန်ဆိုတာအရေးပါလာပြီနာရီဝက် (၁၅)မိနစ်ကအစတန်ဖိုးရှိလာပြီ။ ယားလို့တောင်မကုတ်အားဘူးဆိုတာအဲလိုမျိုးထင်ပါရဲ့။ လူလည်းပင်ပန်းတယ်…နောက်ပြီးအချိန်နဲ့အမျှ အလုပ်ကိုပြီးအောင်လုပ်ရတာဖြစ်တဲ့အတွက် အချိန်မမှီမှာစိုးရိမ်ရတယ်…အဲဒီတော့ အပြေးအလွားသွားလာရတာလုပ်ကိုင်ရတာမျိုးတွေ ရှိပါတယ်။ အဲဒီအတွက် စိတ်လည်းပင်ပန်းရတယ်။
ကျနော်အခုအလုပ်မှာခရီးထွက်တဲ့အခါတိုင်းအချိန်လုပြီးလုပ်ရတဲ့အလုပ်တွေနဲ့ပဲ ကြုံနေရတယ်။ ခရီးစဉ်မှာလုပ်ရတဲ့အလုပ်တွေကလည်းစိတ်မောလူမောပဲ။ နောက်ဆုံးအလုပ်ပြီးလို့ အိမ်ပြန်ရောက်မှပဲအမောပြေပါတယ်။ အခုလိုလုပ်ငန်းခွင်ထဲမှာအချိန်လုလုပ်ရတဲ့အလုပ်တွေကိုလုပ်ရတဲ့အခါကျတော့မှပဲ…သြော်…
အချိန်ဆိုတာ
ငါထင်ထားတာထက်….