Tuesday, January 24, 2012

နှေးလိုက်တဲ့ ကွန်နက်ရှင် ရယ်

မြန်မာနိုင်ငံမှာ အင်တာနက် ကွန်နက်ရှင် နှေးကွေးတာ လေးလံတာ ဟာ မဆန်းတော့ပေမယ့် ကျနော့်အတွက် လက်ရှိသုံးဖြစ်တဲ့ နယ်မြို့တွေမှာ အင်တာနက်လိုင်းက ပိုပြီးနှေးပါတယ်။ Web Site တစ်ခုပွင့်ဖို့ Loading အကြာကြီးစောင့်ရတယ်။ သုံးတာက အင်တာနက်ဆိုင်တွေမှာ ၀င်သုံးတာဖြစ်တဲ့အတွက် လိုင်းကောင်းမယ်ထင်ပြီး သုံးပေမယ့် လိုင်းက အလွန်ညံ့ဖျင်းနေတာမျိုးတွေ တွေ့ရတယ်။ ချောက် ၊ တောင်တွင်းကြီး ၊ မြင်းခြံ မြို့တွေမှာ အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်း Blog အတွက် ပို့်စ်လည်းတင်မယ်ဆိုပြီး အင်တာနက်ဆိုင်ကိုရှာပြီး သုံးဖြစ်တယ်။ နယ်မြို့တွေဆိုတော့ အင်တာနက်ဆိုင်က ခပ်ရှားရှားရယ်....လာသုံးတဲ့သူတွေကြည့်လိုက်ရင်လည်း Game ဆော့ တဲ့သူနဲ့ Gtalk ပြောတဲ့သူ လောက်ပဲတွေ့ရတယ်။ အဲဒီလို အနေအထားနဲ့ လက်ရှိ သူတို့ ကွန်နက်ရှင် က အဆင်ပြေပေမယ့် Web Site တွေ ၀င်ဖတ်မယ် ၊ File တွေ Upload , Download လုပ်မယ် ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာ သိလိုက်ရတယ်။ ကျနော်က မန္တလေး အနေများသူဆိုတော့ တခါတလေ ကိုယ့် မန္တလေးက အင်တာနက်ဆိုင်တွေက ကွန်နက်ရှင် ကိုတောင် နှေးလှပြီ..လေးလှပြီ ထင်နေတာ....။ သြော်...အခုတော့ အဲ့ထက်ဆိုးတဲ့ ကွန်နက်ရှင်နဲ့တွေ့တော့မှပဲ ငါတို့ မန္တလေးက ဆိုင်တွေက ကွန်နက်ရှင်တွေကမှ သွက်သေးတယ်ဟဲ့ ဆိုပြီး တွေးမိတယ်။ မန္တလေး ကအင်တာနက်ဆိုင်တွေမှာ တခါတရံ လိုင်းကျချိန်က လွဲလို့ ကျန်အချိန်တွေဆိုရင်တော့ စိတ်တိုင်းကျစရာပါပဲ။ Web Site ဖွင့်ရင်လည်း Loading က နယ်မြို့တွေလောက်မကြာဘူး။ File တွေ Upload , Download လည်း လုပ်လို့ အဆင်ပြေတယ်....ခြွင်းချက် File Size သေးတယ်ဆိုရင်ပေါ့။ File Size ကြီးရင်တော့ မန္တလေး ကွန်နက်ရှင် လည်း ဘာမှမတတ်နိုင်ပါဘူး။ အဲဒီအခါ သုံးစွဲသူ User တွေ စိတ်ညစ်ရတော့တာပေါ့။ ကြားဖူးပါ၏....သူများနိုင်ငံတွေမှာ ဥပမာ...စင်ကာပူ
လိုနိုင်ငံတွေမှာ အင်တာနက် ကွန်နက်ရှင် ဘယ်လောက်များ ကောင်းလည်းဆို Web Site လိပ်စာတစ်ခုကို Address Bar မှာရိုက်ထည့်ပြီး Enter ကို ခေါက် လိုက်တာနဲ့ တစ်ခါတည်းကို တန်းပြီး Web Page ပေါ်လာရောဆိုပါလား...။ ကြားဖူးတာကို ပြောရပါ၏။ ကျနော်လည်း စင်ကာပူ မရောက်ဖူးပါ။ နိုင်ငံခြားသွားပြီးလည်း အင်တာနက်မသုံးဖူးပါ။ သြော်....မြန်မာနိုင်ငံမှာ အဲဒီလို Web Site လိပ်စာရိုက်ပြီး Enter ခေါက်လိုက်ရုံနဲ့ တစ်ခါတည်း တန်းပြီး Web Page ပေါ်တဲ့ ကွန်နက်ရှင်မျိုး ဘယ်တော့မှ ရနိုင်မလဲ ? " ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ " ဆိုတဲ့စာသားနဲ့အညီ တစ်နေ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဖြစ်လာရင်တော့ နယ်မြို့တွေရော မြို့ကြီးတွေမှာပါ ကွန်နက်ရှင်တွေ ကောင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လက်ရှိမှာတော့ လေးဖြူရဲ့ ဒါလီနေ့ သီချင်းလေးကို နားထောင်ပြီး ဟူး....ဟား ....ဟား.....ငိုညည်းနေ ..... ဟူး ....ဟား....ဟား.....ကြေကွဲနေ....ဆိုသလိုပါပဲ....။ လက်ရှိ အင်တာနက်သုံးရတာ တကယ်ကို စိတ်ပျက်မိပါတယ်။ နှေးကွေးသော လေးလံသော စုတ်ပြတ်သပ်နေသော ကွန်နက်ရှင်ကို သုံးနေရပါ၏။

No comments: