ဇာတိ နတ်မောက် မကွေးခရိုင်

ရုံးအလုပ်ကိစ္စတွေ ပြီးလို့ တောင်တွင်းကြီးကနေ မန္တလေးအပြန်မှာ နတ်မောက် ဘက်က ပြန်ဖြစ်ခဲ့တယ်။ နတ်မောက်မြို့ကို ရောက်တုန်းရောက်ခိုက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ကို သွားကြည့်ဖြစ်ခဲ့ပါတယ်။ ညနေပိုင်း နေအတော်စောင်းနေပြီမို့ အချိန်လည်းမရတာနဲ့ အိမ်ထဲကိုတော့ ၀င်မကြည့်ဖြစ်ခဲ့ပါဘူး။ အိမ်အပြင်ကနေပဲ ကြည့်ပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။



မကွေးမှာ အမေစုကို ကြိုဆိုဖို့ ပြင်ဆင်နေကြတာ

အညာဒေသ မကွေး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ ရေနံချောင်း ဘက်တွေမှာ အမေစု စည်းရုံးရေးခရီးစဉ်ရှိတဲ့အတွက် မကွေးမြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကြော်ငြာရိုက်ရင်း စားပွဲထိုးလေးတွေ အမေစု ကိုကြိုဆိုဖို့ ပြင်ဆင်လေ့ကျင့်နေတာကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ကျနော် ဓာတ်ပုံရိုက်တုန်းကတော့ အမေစု ရဲ့ အညာဒေသ စည်းရုံးရေးခရီးစဉ် မဖျက်သိမ်းသေးပါဘူး။ နောက်ပိုင်း အမေစုရဲ့ ကျန်းမာရေးအခြေအနေကြောင့် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်းလိုက်ရကြောင်း ကြားသိရပါတယ်။ အမေစုကိုချစ်တဲ့ အညာသူ၊ အညာသားများ ကြိုဆိုဖို့ပြင်ဆင်ထားပြီး ခရီးစဉ်ဖျက်သိမ်းလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။


 


အမေစု အမှတ်တရများ

 
ဒီပုံဟာ အမေစု မန္တလေး စည်းရုံးရေးခရီးစဉ်လာရောက်တုန်းက ဓာတ်ပုံဆရာတစ်ယောက်ရိုက်ခဲ့တာ
ဖြစ်ပါတယ်။ ဒီပုံကို နိုင်ငံခြားက ဒေါ်လာနဲ့ ပေးပြီးဝယ်သွားတယ်လို့လည်း ကြားမိတယ်။ အမေစုကို ချစ်ကြတဲ့ မန္တလေးသူ မန္တလေးသားတွေ တခဲနက်ကြိုဆိုခဲ့ကြတဲ့ သမိုင်းဝင်မယ့် အမှတ်တရဓာတ်ပုံပါ။ ဒီပုံကို သူငယ်ချင်း တစ်ယောက်ဆီကနေ လက်ဆင့်ကမ်းပြီး ရလိုက်တယ်။ ဒီဓာတ်ပုံကို ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ် လို့လည်း ကြားရပါတယ်။ ဓာတ်ပုံဆရာကိုတော့ လေးစားမိတယ်။ ဒီဓာတ်ပုံကို တကယ် ကိုယ်တိုင်ကိုယ်ကျ ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာ ဘယ်သူဘယ်ဝါ မသိရတဲ့အတွက် ခွင့်ပြုချက်မတောင်းပဲ တင်လိုက်ပါတယ်။ အကယ်၍များ စီးပွားရေးအတွက် မီဒီယာတွေမှာ သုံးမယ်ဆိုရင်တော့ မူရင်းဓာတ်ပုံဆရာကို ခွင့်တောင်းသင့်ပါကြောင်း။ 





@ Facebook Photo
 ( ခင်ဗျားတို့သိပ်ကြိုက်တဲ့ သိပ္ပံလမ်းပေါ်က လူပင်လယ်ကြီးကို ကိုစိုးဇေယျာထွန်းက ဒီလို အသက်နဲ့ရင်း စွန့်စားပြီး ရိုက်ထားတာပါ။— with Zon Phyu Linn, Academycupid Mmcp, ဦးဦး ပိုက်ပိုက်, Aung Myint Myat, Lovely Jame Phaw Thu, Ei Phyu Sin Thant, Soe Zeya Tun, Zin Moe Win and အော်ပီကျယ် စတော်ဘယ်ရီအပြွတ်ကြီး.)




ဒီနေ့.......3 March 2012

မနေ့က မန္တလေးကို အမေစု ရောက်တယ်။ ညနေပိုင်းလောက်မှာ ရောက်ရှိတာဖြစ်ပြီး ရန်ကုန်-မန္တလေး၊ ၇၈လမ်း တလျှောက် ယာဉ်ကြောပိတ်ဆို့သွားအောင် စည်ကားပြီး မန္တလေး လူထုမှ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့တယ်လို့သိရတယ်။ ကျနော်ကတော့ ရုံးတက်နေရတာရော ကိုယ့်အလုပ်နဲ့ ကိုယ်မို့ အမေစုကို မကြိုနိုင်ခဲ့ဘူး။ ဒီနေ့ မတ်လ (၃)ရက်နေ့ အောင်ပင်လယ် ဘောလုံးကွင်းနေရာမှာ စည်းရုံးရေးဟောပြောပွဲလုပ်ပါတယ်။ သွားရောက်နားထောင်လိုပေမယ့် ရုံးမှ နားရက်ယူရန်အဆင်မပြေတာကြောင့် မသွားဖြစ်ပါဘူး။ ဒီနေ့မှာပဲ အရင်ရက်တွေကနဲ့မတူ မိုးအုံ့ပြီး မိုးရွာပါတယ်။ တစ်နေကုန်ကို မိုးအေးနေတယ်။ မိုးကလည်း တဖြောက်ဖြောက်နဲ့ပဲ။ မနက်ပိုင်းမှာ မိုးမရွာပဲ မိုးအုံ့ပေမယ့် နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးရွာလာတယ်။ အမေစု ဟောပြောပွဲလုပ်မယ့်အတွက် နေအပူဒဏ် သက်သာအောင် မိုးဓာတ်နဲ့အေးစေတာလားဆိုပြီး ယူဆစရာဖြစ်ပါတယ်။ အမေစု ဟောပြောပွဲကို တက်ရောက်ချင်ပါတယ်။ အမေစု အားမာန်အပြည့်နဲ့ ဟောပြောမယ့် အကြောင်းအရာတွေကို နားထောင်ချင်ပါတယ်။ ဒါပေမယ့် ကျနော့်အတွက် အခွင့်မသာတာကြောင့် ဟောပြောပွဲကို မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မနက်ဖြန်ဆိုရင် မတ်လ (၄)ရက်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်ပေမယ့် Overtime ဆင်းရဦးမယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၄)ရက်နဲ့ (၅)ရက်မှာ Barcamp Mandalay ကျင်းပပြုလုပ်ခဲ့တယ်။ အဲ့တုန်းကလည်း Barcamp တက်ချင်ရဲ့နဲ့ အလုပ်ကိစ္စနဲ့ နယ်ခရီးထွက်နေရတာကြောင့် Barcamp မတက်ခဲ့ရပါဘူး။ ဒီနှစ်ထဲမှာ အလုပ်တွေနဲ့ နပန်းလုံးနေရတာနဲ့တင် တချို့ဖြစ်ချင် လုပ်ချင်တဲ့ ကိစ္စတွေ လက်လွတ်လိုက်ရတာမျိုးတွေ ဖြစ်နေတယ်။